ဖရဲသီးသည် အရည်ရွှမ်း၍ အေးမြလတ်ဆက်သောအရသာကို ပေးစွမ်းနိုင်သဖြင့်နွေရာသီကာလတွင် စားသုံးမှုများကြသော်လည်း ယခုမိုးရာသီကာလသို့ရောက်လာသည့်တိုင် ဝယ်ယူစားသုံးမှု မပြတ်သေးသောသီးနှံတစ်မျိုး ဖြစ်ပါသည်။ ယခင်က နွေရာသီကာလ တွင်သာ ဖရဲသီး ထွက်ရှိသော်လည်း ယခုအခါတွင် စိုက်ပျိုးမှုနည်းပညာများ တိုးတက်လာပြီး ရာသီချိန်ခါမရွေး ဝယ်ယူစားသုံးလို့ရနေပြီ ဖြစ်ပါသည်။ ဖရဲသီးတွင် ရေဓာတ် ၉၂% ပါဝင်သဖြင့် အရည်ရွှမ်းပြီး ချိုမြသောအရသာကို ရရှိသောကြောင့် စားသုံးပါက ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိ အပူကိုလည်း လျှော့ချပေးနိုင်ပါသည်။ ထို့ပြင် ခန္ဓာကိုယ်တွင်းရှိ ဆုံးရှုံးသွား သော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး လူကိုလည်း လန်းဆန်းအမောပြေစေပါသည်။
အချိုရှောင်ရသော ဆီးချိုဝေဒနာရှင်များအတွက်လည်း ဖရဲသီးမှာ အာသာပြေ အချိုဓာတ်စာ ဖြစ်သည်။ ဖရဲသီးထဲရှိ အချိုဓာတ်သည် ခန္ဓာကိုယ်ထဲရှိ အင်ဆူလင် (insulin) ကို ထိန်းညှိပေးပြီး သွေးထဲရှိ သကြားပမာဏကို ကျစေသဖြင့် ဆီးချိုရောဂါရရှိသူများလည်း စားပေးသင့်ပါသည်။
ဖရဲသီးတွင် ရေဓါတ်ကြွယ်ဝစွာပါဝင်သဖြင့် ဖရဲသီးစားသုံးပါက မကြာခဏ ဆီးသွားစေသဖြင့် ကျောက်ကပ်ကို သန့်စင်စေပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပါသည်။ Uric acid ပမာဏကို လျှော့ချပေးနိုင်စွမ်းရှိသည်ဟု သိရှိရပါသည်။
ဖရဲသီးတစ်လုံးလျှင် အသေးအကြီးပေါ်မူတည်၍ ဈေးအမျိုးရှိပြီး ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ဈေးကွက်ပေါက်ဈေးအနေဖြင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၅၀၀၀ မှ ၈၀၀၀) ကျပ်အထိ ပေါက်ဈေးရှိနေပြီး ဖရဲသီးအသေးတစ်လုံးလျှင် (၂၀၀၀ မှ ၃၀၀၀၊ ၄၀၀၀) ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပြီး ဈေးကွက်တွင် အမြဲမပျက် အရောင်း အဝယ်ဈေးကွက်ရှိနေကြောင်း သတင်းရရှိပါသည်။
Source: https://www.doca.gov.mm